ပဲခူး ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအများစုသည် ဆေးရုံသို့နောက်ကျမှ ရောက်ရှိလာသည့်အပြင် သွေးထဲတွင် အောက်စီဂျင် အလွန်ကျဆင်း နေသည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မကျန်းမာသူများ၊ အနံပျောက်ခြင်း၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက ချက်ခြင်းပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူရန် အသိပညာပေးခြင်းအား ထပ်ခါ ထပ်ခါ နှိုးဆော်ပေးသွားရမည် ဖြစ်သည့်အပြင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ Hot Line တယ်လီဖုန်းနံပါတ်များအား အများပြည်သူသိရှိနိုင်ရေး လူစည်ကား သည့် နေရာများတွင် ကပ်ထားပေးရန်၊ ကိုဗစ်-၁၉ရောဂါပိုးသည် မြို့ပေါ်တွင်(၃၀)ရာခိုင်နှုန်း၊ ကျေးလက်တွင် (၇၀)ရာခိုင်နှုန်း ပိုးတွေ့ရှိမှုဖြစ်ပေါ်နေသဖြင့် ကျေးရွာနေပြည်သူလူထုအား ပညာပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းတို့အား ပိုမိုတင်းကြပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အောက်စီဂျင်သည် ကိုဗစ်-၁၉ရောဂါ ကုသရေး လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၍ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသလို ခရိုင်မြို့ကြီးများတွင် Oxygen Plant များ မကြာမီ အမြန်ဆုံးတပ်ဆင် နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ကျေးရွာများအဆင့်ထိ တစ်ခါသုံး Mask များဖြန့်ဝေပေးမှုထက် ချည်ထည်အဝတ် Mask များ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ထူးခြားမှုများရှိလာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုနှင့် ကုသရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်ဆရာဝန်ကြီးများက မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် အခြားလိုအပ်ချက်များ တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်ဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝဏ္ဏမောင်