ပွင့်ဖြူမြို့နယ်၌ ထိုင်ဝမ်းသင်္ဘောစိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ပွင့်ဖြူ ဇူလိုင် ၁၀
 
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အညာကျေးလက်နေတောင်သူများ သည် စိုက်ပျိုးရေ အဆင်ပြေ သည့်အတွက် ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ထိုင်ဝမ်သင်္ဘောပင်များကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ထိုင်ဝမ်သင်္ဘောပင်များ အသီးသီးအားကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းကာ ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေ နေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ထိုင်ဝမ်သင်္ဘော စိုက်ပျိုး တောင်သူများထံက သိရသည်။
 
ထိုင်ဝမ်သင်္ဘောသီးနှံသည် စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက တစ်ပင်လျှင် အလုံးရေ ၁၀၀ နီးပါးခန့် အသီးတင်ပြီး အသီးစိမ်းရော အသီးမှည့်ပါ ရောင်းချရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိ ကြောင်းသိရသည်။
 
ထိုင်ဝမ်သင်္ဘောစိုက်ပျိုးရာတွင် မျိုးစေ့ထုတ်များကို ဝယ်ယူပြီး ပလပ်စတစ်အိတ်ငယ်များတွင် မြေဆွေးနှင့်ထည့်ကာ အရိပ်ရသောနေရာတွင် ပျိုးထောင်ထားရှိရကြောင်း ၊ ပျိုးပင်တစ်လသား အရွယ်ရှိပါက စိုက်ပျိုးမြေ ပေါ်တွင် တစ်ပင်နှင့် တစ်ပင်အနည်းဆုံး ၆ ပေ မှ ၈ ပေ ခြား၍ စိုက်ပျိုးနိုင် ကြောင်း ၊ စိုက်ပျိုးပြီး သုံးလအရွယ်တွင် အသီးအပွင့်များ စတင်ထွက်ရှိကာ အသီးများရင့်မှည့်လာပါက ဆွတ်ခူးရောင်းချရကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ထိုင်ဝမ်သင်္ဘော စီးပွားဖြစ်စိုက်ပျိုးသည့် ဒေသခံ တောင်သူတစ်ဦးက ပြောပြသည်။
 
ပွင့်ဖြူမြို့နယ်၌ ထိုင်ဝမ်းသင်္ဘောသီးနှံ စီးပွားဖြစ်စိုက်ပျိုးသည့် တောင်သူ ၅၀ ဦး ကျော်ရှိပြီး စိုက်ပျိုးရေအဆင်ပြေသည့်အတွက် ထိုင်ဝမ်သင်္ဘောစိုက်ခင်း များမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသမှထွက်ရှိသော ထိုင်ဝမ် သင်္ဘော သီးများကို မင်းဘူး ၊ မကွေးနှင့် အခြားဒေသများသို့ ပုံမှန်တင်ပို့ ရောင်းချနေရ ကြောင်း ၊ လက်ရှိတွင် ထိုင်ဝမ်သင်္ဘောသီး ဈေးကွက်မှာ အလုံး(အကြီး ၊ အသေး) ပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိ ရောင်းချနေ ရ၍ ထိုင်ဝမ်သင်္ဘောစိုက်ပျိုး တောင်သူများ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )