ကသာခရိုင်၊ အင်းတော်မြို့နယ်၊ စင့်ဟောက်ကျေးရွာနှင့် အင်းရွာကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများအား ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ပေး

အင်းတော် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု၊ စင့်ဟောက် ကျေးရွာနှင့် အင်းရွာကျေးရွာအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများအား ယနေ့ နံနက် ၁၁ နာရီ အချိန်က အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကော်မတီဝင်များက ဒေသခံပြည်သူများအား စင့်ဟောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်လည်းကောင်း၊ လက်ပံကုန်းကျေးရွာ စာသင်ကျောင်း တွင် လည်းကောင်း အသီသီးထုတ်ပေးခဲ့ကြောင်းသိရသည်။

အင်းတော်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ် နေပြီး လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ သွင်းအားစု နှင့် ငွေကြေး အရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project - VRFP) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် (VRFP) စီမံကိန်းကို ကူးကာကျေးရွာ၊ စဉ့်ခိုး ကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ အင်းရွာကျေးရွာ၊ တားဖလာကျေးရွာ၊ လယ်ပြင်ကျေးရွာများတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မင်းနိုင်က ပြောပြခဲ့သည်။

အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု စင့်ဟောက်ကျေးရွာအနေဖြင့် (VRFP) ရန်ပုံငွေကျပ် သိန်းသုံးရာ ရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၂) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၅) ဦး၊ အရောင်း အဝယ် လုပ်ငန်းလုပ်ကိုင်သူ (၂၀) ဦး၊ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၁၀)ဦး စုစုပေါင်း (၅၇) ဦးအား လည်းကောင်း၊ အင်းရွာကျေးရွာမှာလည်း (VRFP) ရန်ပုံငွေ ကျပ်သိန်းသုံးရာ ရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၃၂) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၄) ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ (၁၁) ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၂၂) ဦး၊ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၅) ဦး စုစုပေါင်း ( ၉၄ ) ဦး တို့အား ချေးငွေများကို အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။

ခန့်ဇော်ပိုင်