ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ကျိုက်ထို၊ ဇူလိုင် ၁၀
 
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာများကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် နှင့်Mask တပ်ဆင်ခြင်းမရှိပဲ နေအိမ်ပြင်ပ ထွက်ခွါသွား လာနေသည် ကို တွေ့ရှိပါက ဥပဒေ အရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့၀င်ဗိုလ်မှူး ပြည်ထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းဇော်ဦးနှင့်တပ်ဖွဲ့၀င်များ၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ၊မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များပူးပေါင်းပါ၀င် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၀င်းမောင်