မကွေး ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများမြင့်မား လျက်ရှိပြီး ဇူလိုင်လ ၉ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ထုတ်ပြန်ချက် များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၃၀၄)ဦး ထပ်မံတွေ့ရှိ၍ တိုင်းဒေသကြီးအတွင်း ကူးစက်မှုမြင့်မားကာ အတည်ပြုလူနာပေါင်း(၁၅၈၃)ဦး အထိရှိလာကြောင်း သိရသည်။
ကိုဗစ်-၁၉ Third Wave ရဲ့ကူးစက်ပြန့်ပွားနှုန်းက စိုးရိမ်စရာပါ၊ ကူးစက်မှု မြင့်မားနေသလို သေဆုံးမှုကလည်း ရှိနေပါတယ်၊ ဒီကနေ့ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာသစ်(၃၀၄)ဦး ထပ်မံတွေ့ ရှိခဲ့တာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ စောင့်ကြည့်လူနာတွေကို (RDT) Test Kit နဲ့ စစ်ဆေး ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက မကွေးက (၇၃)ဦး၊ ဂန့်ဂေါက(၃၃)ဦး၊ စလင်း၃၁)ဦး၊ မြို့သစ်(၂၈)ဦး၊ စေတုတ္တရာ(၂၇)ဦး၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲက(၁၈)ဦး၊မင်းဘူး(၁၄)ဦး ၊မြိုင်(၁၂)ဦး၊ ကံမ(၁၁)ဦး၊ ထီးလင်း(၁၀)ဦး၊နတ်မောက်နဲ့ ပွင့်ဖြူက(၉)ဦး၊မင်းလှနဲ့ မင်းတုန်းက (၄)ဦးစီ၊ ဆိပ်ဖြူ(၃)ဦးနဲ့ ဆော(၁)ဦးတို့ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေရှိခဲ့တဲ့ (၂၁-၅-၂၀၂၁)ရက်နေ့မှ ဒီကနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၁၅၈၃)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေ အတည်ပြု လူနာပေါင်း(၁၅၈၃)ဦး ရှိပြီး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူ(၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသူ(၁၃၉၁)ဦး ရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ(မကွေး)