ထီးချိုင့် ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထီးချိုင့်မြို့ အနောက်ဘက်(၃၀)မိုင်ခန့်ကွာဝေးသော ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမိုင်တိုင်အမှတ် ၁၁၂-၁၁၃ အကြား နေပူတောင် (ဒိုးပင်တောင်) အဆင်း ညောင်ထောက်ကျေးရွာ (ထီးချိုင့်မြို့နယ်) လမ်းခွဲအနီး၌ ယနေ့နံနက် (၀၂:၅၀)အချိန်ခန့်က ခရီးသယ် ယာဉ်ကား တစ်စီးတိမ်းမှောက်နေကြောင်းဖုန်းသတင်းရရှိသဖြင့်ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်နှင့်ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့မှ ကသာမြို့သို့ ယနေ့နံနက် (၀၁:၄၅) အချိန်တွင်မောင်းနှင်လာပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမိုင်တိုင်အမှတ် ၁၁၂-၁၁၃ အကြား နေပူတောင် (ဒိုးပင်တောင်)အဆင်း ညောင်ထောက်ကျေးရွာ (ထီးချိုင့်မြို့နယ်) လမ်းခွဲအနီး၌ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြောင်းထဲသို့ ဘေးတစောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်တွင် ယာဉ်မောင်းခရီးသည်အပါအဝင် (၁၁)ဦး လိုက်ပါ ပြီး ယာဉ်ပေါ်ပါထိခိုက်ဒဏ်ရာရခရီးသည်များအား ဇီးဖြူကျင်းကျေးရွာမှ မေတ္တာရေစင်လူမှုကူညီရေးအသင်း၊ အလယ်တောလူငယ် အဖွဲ့လူမှု ကူညီရေးအသင်း၊ ထီးချိုင့်အမှတ်(၁)စံပြလူငယ်အဖွဲ့ လူမှုကူညီရေးအသင်းနှင့် ကသာမြို့မှစက်မှုလက်မှုအဖွဲ့နှင့် ပစ္စက္ခလူမှုကူညီရေး အသင်းမှ လူနာတင်ကား(၅)စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား ထီးချိုင့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ရဲလင်းထွန်း