အထက်မင်းလှ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေး တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ မင်းလှမြို့နယ်ခန်းမအသစ် ဆောက်လုပ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီ ၁၀ မိနစ်က မြို့နယ်ခန်းမဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ မြို့နယ်ခန်းမ အဆောက်အဦးသစ် ဆောက်လုပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ ခွင့်ပြုငွေကျပ် (၂၄၄.၉) သန်းဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး၊ ခန်းမအဆောက်အဦးအလျား ၆၈ ပေ၊ အနံ ၁၄၈ ပေ ၊ အမြင့် ၁၈ ပေ ၉လက်မရှိကြောင်းသိရသည်။
အဆိုပါ မြို့နယ်ခန်းမ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစန်းအောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး၊ မြို့နယ်ခန်းမဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ပစ္စည်းတင်ဒါစနစ်ဖြင့် ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးညီညီထွန်းက တာဝန်ယူဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)