မင်းဘူး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဧရာဝတီတံတား(မကွေး)၊ မင်းဘူး ဘက်ခြမ်း၌ ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရှိိန်မထိန်းနိုင်ဘဲ လမ်းဘေး ပလက်ဖောင်း ကျော်တက်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ (ဇူလိုင်လ ၈ ရက်) ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသိုးမြှောင်ကျေးရွာ၊ ဧရာဝတီတံတား(မကွေး)၊ မင်းဘူးဘက်ခြမ်း၊ တိုးဂိတ်အနီးတွင် မကွေးဘက်မှ မင်းဘူးဘက်သို့ ယာဉ်မောင်း တင်အောင်ဆန်း မောင်းနှင်လာသော ယာဉ်အမှတ် (7K/------) TOYOTA WISH အမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ လမ်းဘေးပလက်ဖောင်းအားကျော်တက်ကာ၊ ဖြူ/နီကြား ကွန်ကရစ်တိုင် (၂)တိုင်နှင့် လမ်းဘေးမီးတိုင်တို့ကို ဝင်တိုက်မိပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မော်တော်ယာဉ်မှာ ရှေ့ခေါင်းခြမ်းနှင့် လေကာမှန်တို့ကျေမွ ပျက်စီးပြီး ရှေ့ယာဘီးကျွတ်ထွက်ကာ နောက်ကာဘာများကွဲ၍ ယာဉ်မောင်းသူ အမျိုးသားမှာ ပွန်းပဲဒဏ်ရာများ သာရရှိပြီး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် (မစိုးရိမ်ရ) ဒဏ်ရာဖြင့် ဆေးကုသမှုခံရယူ ခဲ့ရကြောင်း မင်းဘူးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း တင်အောင်ဆန်းအား မင်းဘူးမြို့မရဲစခန်းတွင် ယာဉ် (ပ) ၂၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)