ငဖဲ ဇူလိုင် ၉
နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဥပဒေ နှင့်အညီ မှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိုင်ရန်၊မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ လျော့နည်း ပပျောက် စေရန်၊ နိုင်ငံတော်က ရသင့်ရထိုက်သောအခွန်ဘဏ္ဍာများဆုံးရှုံးမှုမရှိစေရန်၊ မြို့ပြ ကျေးလက်နေ ပြည်သူ များ သွားလာမှုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတက်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ One Stop Service စနစ်ဖြင့်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားထားချက်အရ သိရသည်။
အဆိုပါ စီမံချက်မှာ ၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၇ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်နေ့ထိ ရုံးဖွင့်ရက် ပေါင်း(၃၀) အတွင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် One Stop Service စနစ်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့ခေါင်း ဆောင် အဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ခံဆောင်ရွက်၍ အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား သတ်မှတ်ချက်များ နှင့်အညီ မှတ်ပုံတင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက်၊ကျေးရွာများမှ ပြည်သူလူထုများ သိရှိပြီးလိုက်ပါဆောင်ရွက်ကြရန်နှင့် ပူးပေါင်းပါဝင်ရမည့် ဌာနဆိုင်ရာများမှ ဆက်စပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)