ဇီးကုန်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရေး အတွက် မြို့နယ်ပြည်သူခန်းမတွင် ယာယီကုသရေးဌာနအဖြစ် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပြည်သူ့ခန်းမ ကုသရေးဌာနတွင်တွင် လူနာ(၅၀)ဦး ထားရှိကုသရန် စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။ အဆိုပါ ပိုးတွေ့လူနာများထားရှိရန် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြား စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဇီးကုန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ(၄၄)ဦးရှိခဲ့ပြီး၊ နှစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် သေဆုံးသူမရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉-ရောဂါ စည်းကမ်းချက်များ နှင့်အညီ နေထိုင်သွားလာကြရန် အသံချဲ့စက်ဖြင့် နေ့စဉ် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ