မင်းဘူး(စကု)မြို့နယ်၌ တောင်သူများ မိုးသီးနှံအဖြစ် မြေပဲ စိုက်ပျိုးရန် စိုက်ခင်းများအား ထွန်ယက်လာ

မင်းဘူး   ဇူလိုင်   ၉

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည်။ မိုးသီးနှံအဖြစ် မြေပဲ စိုက်ပျိုးရန် စိုက်ခင်းများအား နွားများ၊ လယ်ထွန်စက်များဖြင့် ထွန်ယက် လာကြကြောင်း ကြာကန်အုပ်စု ပေါက်ကုန်းကျေးရွာ တောင်သူများထံမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်သည် ကျေးရွာ အုပ်စုပေါင်း ၆၈ အုပ်စု ကျေးရွာပေါင်း ၁၅၀ နှင့် မြေဧကပေါင်း ၆၀၅၃၄.၆၆ ဧကရှိကာ ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ အချို့ ကျေးရွာများရှိ တောင်သူများက ဥယျာဉ်ခြံမြေများအဖြစ် ပြုစု ပျိုးထောင်ကြပြီး သီးပင် စားပင်မျိုးစုံနှင့် နှစ်ရှည်ပင်များဖြစ်သည့် သရက်၊ လျှော်ဖြူ၊ သနပ်ခါး၊ ဇီးပင်များစသဖြင့် စိုက်ပျိုး လုပ်ကိုင်ကြပြီး တချို့ တောင်သူများကလည်း နွား၊ ဝက်၊ သိုး၊ ဆိတ်၊၊ ကြက်များ တွဲဖက်မွေးမြူကြကြောင်း သိရသည်။

 

  "ကျွန်တော်တို့ ကြာကန်အုပ်စုကတော့ မုန်းချောင်း၊ မန်းချောင်းကဆည်ရေ မသောက်ရတော့ ရေကရှားတာပေါ့။ အခုလို မိုးတွင်းမှာ မိုးဖွဲဖွဲလေးများကျပြီး မိုးတွင်းကာလရဲ့ အအေးဓာတ်နဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကတော့ မြေပွပြီး အောက်ဖက်မှာ အစိုဓာတ်နည်းနည်းနဲ့ အအေးဓာတ်ရှိနေရင် အောင်မြင်ဖြစ်ထွန်းပါတယ်။ ကျွန်တော်တို့ အလယ်ပိုင်းဒေသက အပူများတယ်ဆိုပေမဲ့ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲစတဲ့ သီးနှံတွေတော့ စိုက်လို့ရပါတယ် အဲ့ဒီစိုက်ခင်းတွေ နောက်ကျသွားလဲ ကိစ္စမရှိဘူးလေ သူတို့က တပို့တွဲ တပေါင်းမှ သီးနှံတွေပေါ်ကြတာပါ'' ဟု ပေါက်ကုန်းကျေးရွာမှ တောင်သူ ဦးထွန်းကြည်က ပြောကြားခဲ့သည်။

 

 ဇေယျာထက်(မင်းဘူး)