သာယာဝတီ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီက ရန်ကုန်-ပြည်လမ်း စျေးလမ်းဆုံတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးရှေ့ ဖြတ်သန်း သွားလာကြသူများနှင့် ဈေးဝယ်လာသူများကို Mask များ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးတို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း(၅၀၀)ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်