သဲကုန်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာကန့်သတ် ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့နယ်၊ ရွာသစ်အုပ်စုရှိတောင်နဝင်းကြားဖြတ်စခန်းနားနေဆောင်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ရွာသစ်ကျေးရွာနှင့်ကြို့ပင်သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါယာယီအဆောင်တွင် စုစုပေါင်း(၅၀)ဦးထားရှိနိုင်မည်ဖြစ်ကြောင်းနှင့် အလားတူ အင်းမမြို့ ၊စိုက်ပျိုးရေးအသိပညာပေးခန်းမ(CLC)တွင်လည်း Stay at Home မြို့နယ်များမှပြန်လာသူများ၊ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူများအား စောင့်ကြည့်နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် နိုင်ငံခြားတိုင်းပြည်များ၊ Stay at home မြို့နယ်များမှပြန်လာသူများ၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပေးကြရန်နှင့် ကိုဗစ်-၁၉ အသိပညာ ပေးလုပ်ငန်းများကိုနေ့စဉ် အသံချဲ့စက်ဖြင့် အဆက်မပြတ် နှိုးဆော်လျှက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း