ထန်းတပင်(ရန်ကုန်) ဇူလိုင် ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အရည်အသွေး ကောင်းမွန်သောစံပြကွက်များ ဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ကွင်းအမှတ်(၁၇၆-ခ)ရှိ လယ်ယာ မြေဧက(၁၅ဝ) ကိုစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ(၁)ရက် နေ့မှ စတင်၍ ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယနေ့အထိ အဆိုပါကျေးရွာတွင် စနစ်ကျလယ်ယာ မြေဖော်ထုတ်မှုအနေဖြင့် ရှစ်ဆယ် ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ် ကျလယ်ယာမြေဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ရေပေါ်သောင်ကျေးရွာတွင် ပထမအကြိမ် အဖြစ် ဧကပေါင်း(၃၈၁)ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သလို ယခုအခါ ဒုတိယမြောက်အဖြစ် လယ်ယာမြေ ဧက(၁၅၀)ကို စက်မှု လယ်ယာ စနစ်ကျ လယ်ယာမြေများအဖြစ် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး စနစ်ကျလယ်ယာ မြေဧကများ ဖော်ထုတ်ခြင်း ကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ အကျိုးရှိဝင်ငွေ တိုးပွားစေခြင်း၊ ရေသွင်းရေထုတ် မြောင်းများ ကောင်းမွန် စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊ သီးနှံများ အထွက်တိုးပွားလာ ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ် ကြောင်း သိရသည်။
စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧကများ ဖော်ထုတ်ရာတွင်လည်း စက်မှု လယ်ယာဦးစီးဌာန၊ စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့ (အောက်မြန်မာပြည်) သန်လျင်မြို့မှ ကုန်ထုတ်လမ်း၊ ရေမြောင်းနှင့် ဧကကွက်ဖော်မြေညှိခြင်း စသည့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေ ဖော်ထုတ်ရေး လုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးစေရေးအတွက် လည်း ဝန်ထမ်းအင်အား (၂၉)ဦးတို့မှ ထွန်စက်ကြီး(၈)စီး၊ မြေတူးစက်ကြီး(၈)စီး၊ မြေတူးစက်သေး (၃)စီး၊ မြေထိုးစက်ကြီး(၁)စီး၊ မြေသယ်ယာဉ် (၃)စီးတို့ဖြင့် စုဖွဲ့ဆောင်ရွက် လျက်ရှိသလို လိုအပ်သည့် စက်ကိရိယာများကိုလည်း ပြင်ပမှ ငှားရမ်းကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာ ဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်လယ်ယာမြေ ဧကပေါင်း (၁၅ဝ)ဧက ကို တစ်ဧကလျှင်ငွေကျပ်(၁.၂၁၅)သန်းနှုန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်ကျလယ်ယာမြေဖော်ထုတ်မှုများကိုလည်း ဇူလိုင်လ စတုတ္ထပတ်အတွင်း ပြီးစီး အောင်အကောင် အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ် စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။
ဇင်မင်းထိုက်