ပေါင်းတည် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အတွင်းသို့ လိုက်လံကြေညာ ပေးလျက်ရှိသည်။
ထိုသို့ လိုက်လံကြေညာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ ချင်းပြည်နယ်တွင် (၅)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် (၈)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃)မြို့နယ်၊ ရှမ်းပြည်နယ်တွင် (၃)မြို့နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၂)မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၁)မြို့နယ်၊ မွန်ပြည်နယ်တွင်(၃)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၀)မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လက်ပံတန်း၊ သာယာဝတီ၊ မင်းလှ၊ ဖြူး၊ တောင်ငူ၊ ပဲခူးမြို့နှင့် ပြည်မြို့နယ်တို့အား Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ကြေငြာခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Stay at Home မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများသည် Facility Quarantine Centre များတွင် နေထိုင်ရ မည်ဖြစ်သည်။ မိဘပြည်သူမျအနေဖြင့် Stay at Home မြို့နယ်များမှ ပြန်လာသူများအား Facility Quarantine Centre များတွင် ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး များ၊ ကျန်းမာရေးအဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားပေးရန် အသိပေး တိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်