မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

မြန်အောင် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို ယနေ့နံနက်က ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက မြန်အောင် ဘိုးဘွားရိပ်သာခန်းမတွင် အဘိုး ၁၁ ဦး၊ အဖွား ၂၅ ဦးတို့ကို ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်အောင် ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင်လည်း ယနေ့နံနက်က ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်