မိုဘိုင်းစစ်ဆေးရေးအဖွဲ့ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများ၊ မေးတွင် ချိတ်ထားသူများအား ဒဏ်ရိုက်ခြင်းများဆောင်ရွက်

ကြို့ပင်ကောက် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက် သွားလာသူများမှ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ မေးတွင်ချိတ်ထားသူများအား ဒဏ်ရိုက်အပစ်ပေး ခြင်းများကို မိုဘိုင်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ယင်းသို့ မိုးဘိုင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဇူလိုင်လ ၄ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ဇူလိုင်လ ၄ ရက်နေ့က စည်းကမ်းမလိုက်နာသူ (၁၆)ဦး၊ ဇူလိုင်လ ၅ ရက်နေ့က စည်းကမ်းမလိုက်နာသူ(၂၀)ဦး၊ ဇူလိုင်လ ၆ ရက်နေ့က စည်းကမ်းမလိုက်နာသူ(၅၁)ဦး၊ ဇူလိုင်လ ၇ ရက်နေ့ က စည်းကမ်းမလိုက်နာသူ(၅၁)ဦး၊ ဇူလိုင်လ ၈ ရက်နေ့က စည်းကမ်းမလိုက်နာသူ (၄၅)ဦးရှိကြောင်း တစ်ဦး လျှင် နှာခေါင်းစည်း (၅)ခုကို ဒဏ်ငွေ ၅၀၀ ကျပ်ဖြင့် ဒဏ်ရိုက်ခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဒဏ်ငွေ ၉၁၅၀၀ ကျပ်ရရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေရာတစ်နေရာ တည်းတွင် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။

ဇေယျာထွန်း