ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူ

လွိုင်ကော် ဇူလိုင် ၈

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ကြီး၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ ဩဝါဒစရိယ သီရိမင်္ဂလာပုံဟော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာက အဖွင့်ဩဝါဒမြွက်ကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စေတီတော်ရင်ပြင် ပေါ်သို့ ပြုတ်ကျပျက်စီးခဲ့ကြောင်း၊ မြို့နာမ်စေတီတော်ကြီး၏ စိန်ဖူးတော်အသစ် ပြန်လည်တင်လှူပူဇော်နိုင်ရန် အတွက် စေတီတော်ဩဝါဒါစရိယ ဆရာတော်များထံမှ မေလ ၁၄ ရက်နေ့တွင် ဩဝါဒခံယူခဲ့ပြီး ပင်မရွှေထီး တော်အား ခိုင်ခံမှုရှိ/မရှိ စစ်ဆေးခြင်းကိစ္စကိုလည်း မေလ ၂၂ ရက်နေ့တွင် ပြည်နယ်ဩဝါဒစရိယ သီရိမင်္ဂလာပုံ ဟော်ကြီးကျောင်း ဆရာတော်ကြီးနှင့် ကျွမ်းကျင်ပညာရှင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိမှု အရ (၂၉)နှစ်တိုင်တည်ရှိနေသော ရွှေထီးတော်၏ မူလသံထည်အရည်အသွေး ကောင်းမွန်နေခြင်းနှင့် တပ်ဆင် ပူဇော်ထားသည့် ပန်းလည်တိုင်နှင့်ထီးတော် ဆက်စပ်ပစ္စည်းများသည်လည်း ရေရှည်ခိုင်ခံ့မှုရှိနေခြင်းတို့ကြောင့် ရွှေရောင်မှေးမှိန်နေသော ထီးတော်အား ရွှေအစစ်ချပြုပြင်မွမ်းမံပြီး စိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်တို့ကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံ အပ်နှံဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဆရာတော်ဘုရားများရှေ့မှောက်၌ စိန်ဖူးတော်နှင့် ရွှေငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ပူဇော်ထားရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့နာမ်စေတီတော် မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီတော်(၁၂)ဆူနှင့် ထီးတော်များ ရွှေသင်္ကန်းကပ်လှူ ခြင်း ကိစ္စများကိုလည်း လှူဒါန်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ် နားတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကိုလည်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပ ဆောင်ရွက် တင်လှူပူဇော်သွားရန် ရည်ရွယ်ပြင်ဆင်ထားကြောင်း စသည်တို့ကိုလျှောက်ထားခဲ့ပြီး ကြွရောက် တော် မူလာကြသော ဆရာတော်များက ပြန်လည်ဆွေးနွေးမိန့်ကြားခဲ့သည်။

ယင်းနောက် အတည်ပြုချက်များ ဖတ်ကြားလျှောက်ထားခဲ့ပြီး ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး