တောင်တွင်းကြီး ဇူလိူင် ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နေ့လယ်(၂)နာရီအချိန်က တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီး ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီးမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ငှက်ပစ်တောင် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အခမ်းအနား ကိုဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ နိုင်ငံတော်ဘွဲ့တံဆိပ် တော်ရဆရာတော်ကြီးများ၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြကုန်သော သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းချီးမြှင့်ပေးအပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယ သုံးကျမ်းအောင်(၆)ပါး၊ နှစ်ကျမ်းအောင်(၁၉)ပါး၊ တစ်ကျမ်းအောင်(၃)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းအောင်(၁၉)ပါး၊ ပထမလတ်တန်းအောင်(၁၇)ပါး၊ ပထမငယ်တန်းအောင်(၃၅)ပါး၊ အခြေပြုမူလတန်း (၅၃)ပါး စုစုပေါင်း(၁၅၂)ပါး အောင်မြင်ခဲ့ကြကြောင်းမြို့နယ်သာသနာရေးဦးစီးမှူးရုံးမှသိရသည်။
နိုင်၀င်း