ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား    ဇူလိုင် ၈

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်‌ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များ အနေဖြင့် မြို့နယ်အလိုက် စနစ်တကျစုဖွဲ့၍ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ကြရေး၊ မြို့နယ်အလိုက် လိုအပ်ချက်များကိုလည်း စိစစ်တင်ပြ တောင်းခံသွားရေး၊ မိမိတို့ တိုင်းရင်းသားများ သည် အမှုမဲ့အမှတ်မဲ့နေတတ်သည့် အလေ့အကျင့်ရှိသည့်အတွက် ကိုဗစ်-၁၉ အသိပေးခြင်းလုပ် ငန်းများကို နေ့စဉ်ပြောဆို ကြေညာခြင်းဖြင့် အဆက်မပြတ် နှိုးဆော် တိုက်တွန်းကြရေး၊ Mask Campaign များကိုလည်း ပြည်သူများပူးပေါင်းလာစေရေးကို အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင် က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ကိုဗစ်-၁၉နှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ ပြည်နယ်အတွင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ပြည်နယ် ကော်မတီမှပံ့ပိုး ဖြည့်ဆည်းပေးနေမှုနှင့် ဆက်လက်ပံ့ပိုးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်(၄)ခရိုင်နှင့် မြို့နယ်(၁၈)မြို့နယ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌများက ခရိုင်နှင့် မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားမှုနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ် ငန်းနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ Quarantine Centre များ စီမံ‌ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့နယ်များအလိုက် လူမှုရေးအသင်းအဖွဲ့များ၊ Voluntter များဖြင့် စုဖွဲ့ ဆောင်ရွက်နေမှု အခြေအနေများ၊ အောက်ဆီဂျင်ရရှိမှု/လိုအပ်မှုနှင့် လိုအပ်သည့် ကာကွယ်ရေးသုံး ပစ္စည်းများ စုဆောင်းရရှိမှုနှင့်  အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ ထောက်ပံ့ပေးနိုင်ရေးတို့ကို အသီးသီး တင်ပြကြသည်။

ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ခရိုင်နှင့် မြို့နယ်များ တင်ပြမှုများအပေါ် လိုအပ်ချက်များနှင့် ပတ်သက်၍ အကြံပြုသုံးသပ် ဆွေးနွေး တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန် ထမ်းများကို စည်းရုံးရှာဖွေ စုစည်းထားရှိရေး၊ ဘာသာရေးအမှုကိစ္စများတွင် Online စနစ်ဖြင့် ဝတ် ပြုကိုးကွယ်ခြင်းများ ဆောင်ရွက်နိုင်ရေးနှင့် ပွဲလမ်းများကို မဖြစ်မနေခွင့်ပြုရမည့် ကိစ္စရပ်များမှ တစ်ပါးအတတ်နိုင်ဆုံး ခွင့်မပြုကြရန်နှင့် စည်းကမ်းနှင့်အညီ ပြုလုပ်နိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရေး၊ ပြည်နယ်အတွင်း အနည်းဆုံးနှင့် အကောင်းဆုံးကျော်ဖြတ်နိုင်‌‌ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရေးနှင့် မြို့နယ်အလိုက် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)