ကျုံပျော် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ တတိယလှိုင်း၌ ပိုးတွေ့လူနာ စုစုပေါင်း(၈၉)ဦး ရှိနေပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ယခုရောဂါကူးစက်နေမှုများမှာ မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများတွင် ကူးစက်မှုများ ရှိနေပြီး၊ ဇူလိုင် ၇ ရက်နေ့ တစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် (၂၆) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ပိုးတွေ့ လူနာများထဲမှ သေဆုံးသူ(၁)ဦးရှိခဲ့ပြီး၊ ဆေးရုံဆင်းခွင့်ရသူ (၁၈)ဦးရှိပြီ ဖြစ်ကာ၊ (၇၀)ဦးကို စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခင်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ကုသပေး နေရာမှ ယခုအခါ လူနာများ လာသောကြောင့် တိုင်းရင်းဆေးရုံတွင်ပါ ထားရှိ ကုသပေးနေပြီး၊ ဆက်လက်၍ အထောင်တိုက်နယ်၊ ရေစခန်း တိုက်နယ်၊ အင်းရဲတိုက်နယ်၊ ဒိုက်ပျက်တိုက်နယ် တို့တွင်လည်း ကိုဗစ်ကုသရေးစင်တာများ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ကျုံပျော်မြို့ အထက(၁) အားကစား ခန်းမကိုလည်း လူနာ(၁၀၀)ဆန့်ဆေးရုံအဖြစ် ယာယီပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)