ပွင့်ဖြူမြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ  ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club )အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

 

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ တွဲဖက် အတွင်းရေးမှူး  ဦးကျော်စိုး က “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်အတိုင်း စာပေလေ့လာဖတ်ရှုခြင်းသည် လူသားတိုင်း အတွက် ကောင်းမွန်သော အရာပင်ဖြစ်ပါကြောင်း ၊ ယနေ့ခေတ် လူငယ်လူရွယ်များသည် စာပေလေ့လာဖတ်ရှုမှုတွင် အားနည်း နေပြီး မိုဘိုင်းလ်ဖုန်းနှင့် Tablet များကိုသာ အသုံးပြုမှုများနည်းလာသည်ကို တွေ့မြင်နေရပါကြောင်း ၊ ယနေ့ ပြုလုပ်သည့် စာဖတ်ဝိုင်းဆွေးနွေးပွဲသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း မိမိတို့မြို့နယ် (Book Club )အနေဖြင့် စာပေဝါသနာရှင်များနှင့် စာပေဖတ်ရှုလိုသူများကို ဖိတ်ခေါ်၍ စာဖတ်ဝိုင်းဆွေးနွေး ပွဲများကို ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီစဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။

 

ထို့နောက် ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်(Book Club )အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုး ၊ အဖွဲ့ဝင် ဦးရဲမြင့်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် တို့က စာရေးဆရာ ချစ်နိုင် ( စိတ်ပညာ) ရေးသားသည့် “ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” စာအုပ်တွင် ပါရှိသော သိမှတ်ဖွယ်ရာအကြောင်း အရာများကို အပြန်အလှန် စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး )