ကမ္ဘာ့အလယ်တွင် လက်ဆောင်ကောင်းတစ်ခု အဖြစ်လည်းကောင်း ပြယုဂ်တစ်ခု အဖြစ်လည်းကောင်း ထင်ကျန် နေအုံးမည့် မြန်မာ့သနပ်ခါး

သနပ်ခါးကို ရှေးမြန်မာ ဘုရင်များ လက်ထက်က နန်းတွင်းသူ မိန်းမပျိုလေးများ လိမ်းကြံခြယ်သ အသုံးပြုကြသော ပစ္စည်းတစ်မျိုးဖြစ်သည်။ ယခုအခါ မြန်မာအမျိုးသမီး လေးများသည် တောရောမြို့ပါ သနပ်ခါးကို ခုံမင် နှစ်သက်စွာ လိမ်းကြံခြယ်သ အသုံးပြု လာကြသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင် ဝင်ရောက်စေကာမူ မြန်မာ့သနပ်ခါးကိုတော့ ကွယ်ပျောက်သွားအောင် စွမ်းဆောင်နိုင်အုံးမည် မဟုတ်ပေ။

သနပ်ခါး၏ဂုဏ်အင်္ဂါ

မြန်မာ့သနပ်ခါးသည် သင်းပြန့်သောရနှံ့နှင့် ပြည့်စုံသည့်အပြင် လိမ်းကြံထားသူရဲ့ အသားအရေကို စိုပြေဝင်းဖန့်၍ လှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး လက်လွှတ်မခံနိုင်ပဲ အမြဲသုံးစွဲ ခဲ့ကြသည့် ပစ္စည်းတစ်မျိုး ဖြစ်သည်။ မြန်မာမိန်းကလေးများသည် ရေချိုးပြီးတိုင်း သနပ်ခါးကို ခုံခုံမင်မင် နှစ်နှစ်သက်သက် လိမ်းခြယ်ကြသလို ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များ ရှိလျှင်လည်း သနပ်ခါးကို အမြဲလိမ်းခြယ် သွားကြသည်။

ဆေးဖက်ဝင်ပုံ

သနပ်ခါးသည် အပူကြောင့် ဖြစ်သောဝေဒနာ၊ အအေးကြောင့် ဖြစ်သောဝေဒနာ နှစ်မျိုးစလုံးအတွက် သွေးပြီး လိမ်းကြံခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ကာ ရောဂါပြောက်ကင်းကြသည်။ အပူဒဏ်ကို ကာကွယ်ပေးသောကြောင့် နေပူထဲတွင် အလုပ်လုပ်သူများ သနပ်ခါးကို လိမ်းထားခြင်းဖြင့် အပူဒဏ်မှ သက်သာစေသည်။ ခေါင်ကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းတို့အတွက် သနပ်ခါးကို သွေးပြီးရှူပေးခြင်းဖြင့် ဝေဒနာ သက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် နနွင်းနှင့်သွေးပြီး လိမ်းပေးရသည်။ အမျိုးသမီး ရောဂါများကြောင့် ကိုယ်အမြဲပူနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့် ရောသွေးပြီး သကြားအနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်သည်။ အမျိုးသားများ ဆီးကြောင့် ဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေဝါးခြင်းတို့ကို သနပ်ခါးမြစ်သွေးပြီး သောက်ပေးရသည်။

သနပ်ခါးဖြင့်ပူဇော်

မြန်မာမိန်းကလေးများက သနပ်ခါးတုံးကို အလျားလိုက်သွေးပြီး လိမ်းကြသော်လည်း နန်းတွင်းသူ မိန်းမပျိုလေးများက ပို၍နူးညံ့သော သနပ်ခါးနှစ်ကိုရရှိရန် သနပ်ခါးတုံးကိုထောင်၍ သွေးကာ လိမ်းခြယ်ကြသည်ဟု သိရသည်။ ထို့အပြင် မြန်မာမိန်းကလေးများသည် သနပ်ခါးနှစ်များကို ခြောက်သွေ့စေရန် နေလှန်းပြီး နုညက်လှသော အမှုန့်များပြုလုပ်ကာ ပေါင်ဒါသဖွယ် အသုံးပြုကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတစ်ခွင်တွင် မီးပုံပွဲများ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သနပ်ခါးဖြင့်ပူဇော်သည့် အလေ့အထရှိကြသည်။ ထိုအလေ့အထများကို ပုဂံခေတ်မှစ၍ ပြုလုပ်ကြသည်ဟု ဆိုကြသည်။

ပြုလုပ်သုံးစွဲ

သနပ်ခါးသားသည် မာကျော၍ အဝါရောင်ရှိပြီး ကျစ်လျစ်သိပ်သည်းသောကြောင့် အခြောက်ခံထားသော သနပ်ခါး ၁ ကုဗပေလျှင် ၆၁ ပေါင်အလေးချိန်စီးသည်။ ထိုကြောင့် ယင်းအသားဖြင့် ဆီကြိတ်ဆုံ၊ ဝန်ရိုးနှင့် စပါးထောင်းသည့် မောင်းအပြင် ပွတ်ထိုးရာတွင်လည်းကောင်း၊ ပန်းပုထုလုပ်ရာတွင်လည်းကောင်း၊ အတိုင်းအတာ ကရိယာ ပြုလုပ်သုံစွဲရာတို့တွင်လည်း သနပ်ခါးသားဖြင့် ပြုလုပ်သုံးစွဲကြသည်။

ရောနှောပေါက်ရောက်

သနပ်ခါးပင်ကို ရုက္ခဗေဒ အမည်အားဖြင့် လင်မိုနီယားအက်ဆစ်ဒီစီမား ဟုခေါ်၍ သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပုရာ၊ ပျဉ်းတော်သိမ်တို့နှင့် တစ်မျိုးတည်း‌ဖြစ်ကာ သန်း၊ ဒဟတ်၊ ထနောင်း၊ ဆီးဖြူ၊ ရှား၊ တယ်ပင်၊ ခံပင်များနှင့် ရောနှော ပေါက်ရောက်တတ်သည်။ အပင်လုံးပတ်မှာ သုံးပေခန့်အထိ ကြီးထွားနိုင်သော အပင်ငယ်တစ်မျိုး ဖြစ်၍ ရွက်ကြွေပင်မျိုးတွင် ပါဝင်သည်။

သနပ်ခါးကိုတိုးချဲစိုက်ပျိုး

သနပ်ခါးပင်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သော အလယ်ပိုင်း အညာဒေသတွင် ပို၍ဖြစ်ထွန်းသည်။ အများစိုက်ပျိုးသောမြို့မှာ အရာတော်မြိုဖြစ်ပြီး ဧကတစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးစိုက်ဧက၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်း သိရသည်။ အခြားထပ်မံ စိုက်ပျိုးထားကြသည့် မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့တွင်လည်း တိုးချဲ့စိုက်ပျိုးထားပြီး သနပ်ခါးစိုက်ဧက သုံးသိန်းကျော်ရှိကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်ကြပါစို့

ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ ယနေ့အထိ ရိုးရာယဉ်ကျေးမှု အမွေအနှစ်  တစ်ခုအဖြစ် ထိန်းသိမ်း လာခဲ့ကြသည့် မြန်မာ့သနပ်ခါး၏ ဂုဏ်အင်္ဂါများသည်  ကမ္ဘာ့အလယ်တွင်  မြန်မာတို့အတွက် လက်ဆောင်ကောင်းတစ်ခု အဖြစ်လည်းကောင်း၊ ပြယုဂ်တစ်ခု အဖြစ်လည်းကောင်း ထင်ကျန် နေအုံးမည် ဖြစ်ပါတော့သည်။

ဇေယျာထက် ( မင်းဘူး )