ဇီးကုန်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဇူလိုင်(၅)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၉)ဦး ရှိခဲ့ရာ ယမန်နေ့ နေ့လယ်နှင့် ယနေ့တွင် ကျန်းမာရေးဦးစီးဌာနမှ RDT Test ဖြင့် စစ်ဆေးချက်များအရ ပိုးတွေ့လူနာ (၂၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က အမှတ်(၁)ရပ်ကွက် မြို့သစ်(၅)လမ်းနေ အမျိုးသားတစ်ဦး အနံ့မရကြောင်း သတင်းပေးပို့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ RDT Test ဖြင့်စစ်ဆေးရာ Positive အဖြေထွက်ရှိခဲ့၍ အဆိုပါ လူနှင့် ထိစပ်ခဲ့သူ(၆)ဦးအား RDT Test ဖြင့် ထပ်မံစစ်ဆေးခဲ့ရာ (၅)ဦးတွင် Positive အဖြေထွက်ရှိခဲ့သည်။ ထို့အတူ ဇီးကုန်းမြို့မရဲစခန်းမှ အချုပ်သားများအား တရားစွဲတင် နိုင်ရေး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကျန်းမာရေးထောက်ခံချက်ရယူရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် RDT Test ဖြင့် စစ်ဆေးရာ (၁)ဦးတွင် Positive အဖြေထွက်ရှိ၍ ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးခဲ့ရာ (၁၀)ဦးတွင် Positive အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက်တွင်လည်း အမှတ်(၁)ရပ်ကွက် မြို့သစ်(၄)လမ်းမှ အမျိုးသမီးတစ်ဦး အနံ့မရသဖြင့် ကျန်းမာရေးဌာနတွင် စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိပြီး ၎င်း၏သားတွင်လည်း ပိုးတွေ့ရှိခဲ့သည်။ အလားတူ မြို့သစ်(၅)လမ်းမှ တစ်ဦး၊ မြို့သစ်(၁)လမ်းမှ တစ်ဦး၊ ရာဇသင်္ကြန်လမ်းမှ တစ်ဦး၊ ဂုံးလမ်းမှ (၁)ဦးပိုးတွေ့ရှိ၍ စုစုပေါင်း(၂၃)ဦး ထပ်မံတွေ့ရှိပြီး၊ ဇီးကုန်းမြို့နယ်တွင် ပိုးတွေ့လူနာ (၃၂)ဦး ရှိခဲ့ကြောင်းနှင့် (၂)ဦးမှာ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ