အုတ်တွင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများနေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွား လာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း Mask (၅)ခုကို (၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်ခြင်းအပြင် အသိပညာပေးခြင်းများ ပြောကြား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် ဟင်းငုတ်ပင် စစ်ဆေးရေးဂိတ်နှင့် ရန်ကုန်-မန္တလေး သွားလမ်းအထွက် တိုးဂိတ်နေရာများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရန် စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ