ငဖဲမြို့ပေါ်ရပ်ကွက်များတွင် နှာခေါင်းစည်း(mask)တပ်ဆင်သွားလာခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်

ငဖဲ  ဇူလိုင် ၇

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ သွားလာသည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူဆောင်ရွက်မှုကို ယနေ့နံနက် ၆နာရီက ငဖဲမြို့မ စည်ပင်သာယာဈေး နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင်ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ် ဆရာဝန်ကြီးဒေါက်တာ ထင်ကျော်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဈေးရောင်း ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာနှင့်ခရီးသွားပြည်သူများအား နှာခေါင်းစည်း (mask)တပ်ဆင်ပြီးမှ အပြင်ထွက် သွားလာရန် အသိပညာပေးခြင်း၊ ဆိုင်ကယ်စီးသူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင် ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်း မရှိသူများအား တစ်ဦးလျင် နှာခေါင်းစည်းငါးခု ငွေကျပ် တစ်ထောင် နှုန်းဖြင့် ဒဏ်ရိုက်အရေးယူခြင်း များဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

မယု(ငဖဲ)