ကျောက်ဖြူမြို့ရှိ ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် နှာခေါင်းစည်း Mask များလှူဒါန်းပြီး Mobile Library ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ  ဇူလိုင် ၇

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများက ယပ်လှဲဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ နှာခေါင်းစည်း Mask များ ဆက်ကပ်လှူဒါန်းပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့် ဝန်ထမ်းများက အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲဘုန်းတော် ကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ပရိယတ္တိဝန်ဆောင် စာချ/စာသင်ပြုလုပ်နေသော ရဟန်းသံဃာ တော်အရှင်သူမြတ်များနှင့်  ဆရာတော်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များအား အသိပညာ ပေးပြောကြားပြီး နှာခေါင်းစည်း Mask များအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် စာသင် သံဃာ တော်များအား ဘာသာရေးဆိုင်ရာ စာအုပ်၊ စာပေများအား Mobile Library ဖြင့် ငှားရမ်းပေးခဲ့ကြသည်။

 

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ကြီးနှင့် ပရိယတ္တိဝန်ဆောင် စာချ/ စာသင် ပြုလုပ်နေသော ရဟန်းသံဃာတော် အပါး ၆၀ ကျော်ရှိကြောင်း သိရှိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း