ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ  ဇူလိုင်   ၇


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်မှ ဒုတိယသုံးလပတ် အတွက် ထောက်ပံ့ပေးအပ်သည့် လူမှုပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့်လူမှုရေးပင်စင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၁၀၃၉ ဦး ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ၂၀၂၁ ခုနှစ် ၊ ဒုတိယသုံးလပတ်အတွက် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မိမိတို့နယ်မြေအလိုက် သက်ကြီးဘိုးဘွားများ နေအိမ်များသို့ သွားရောက်ပြီး ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၂၁ ခုနှစ်၊ ( ဇန်နဝါရီ ၊ ဖေဖာ်ဝါရီ ၊ မတ် ) ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့မှုအနေဖြင့် သက်ကြီးဘိုးဘွားဦးရေ ၁၀၃၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၁၁၇၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် ( ညောင်ဦး )