ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချောင်းသာ ဇူလိုင် ၇
 
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ချောင်းသာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန အစည်း အဝေးခန်းမ ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ရုံးဌာနလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင် ရွက်ကြရန် ၊ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ် စေရေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန် ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mark)တပ်ဆင်ရန် ၊ လက်ဆေး ဘေစင်ထားရှိရန် ၊ ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ကြရန်၊ စားသောက် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းများတွင် လိုအပ် လာပါက ဝိုင်းဝန်းကူညီပေးကြပါရန် ဆွေးနွေးခဲ့သည်။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကားဂိတ်များ ၊ တည်းခိုခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများရောဂါဖြစ်ပွားမှု များပြားလာပါက ထား ရှိမည့် နေရာများကို ဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူးမှ ပြန်လည်၍ ညှိနှိုင်းဆွေးနွေး ပေးခဲ့ပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်သို့ ဌာနဆိုင်ရာများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အတူ လှည့်လည် စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။