ဟင်္သာတ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၅/၂၀၂၁ ) ကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း က ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဗဟိုနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ လမ်းညွှန်မှာကြားသည့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများ နှင့် စနစ်တကျ ထားရှိနိုင်ရေးအတွက် Quarantine Centre များ စီစဉ်ထားရှိရေး ကိစ္စများ ၊ ဌာနဆိုင်ရာရုံးများ နှင့် အခြေခံပညာ ကျောင်းများတွင် အထူးဂရုပြု ဆောင်ရွက်ရမည့် ကိစ္စများ ၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ခရိုင်အတွင်းရှိ စည်ပင်သာ ဈေးများ အပါအဝင် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ဖွင့်လှစ် ရောင်းချ နေသည့် လက်ဖက်ရည်ဆိုင်များ နှင့် စျေးဆိုင်များ ၊ စားသောက်ဆိုင်များ တတ်နိုင်သမျှ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန် ကိစ္စရပ်များကို ဆောင်ရွက် သွားရမည် ဖြစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍ ခရိုင် ကျန်းမာရေးဦးစီးဌာနကုသရေးမှ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဌေးဌေးလိူင် နှင့် ပြည်သူ့ ကျန်းမာရေးဌာန မှ တာဝန် ရှိသူတို့က ခရိုင်တွင်းရှိ ကိုဗစ် - ၁၉ ရောဂါ လူနာများ အခြေအနေ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက် မည့်အစီအစဉ်များနှင့် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများကို စနစ်တကျ ဆေးကုသ ပေးနေသည့် လုပ်ငန်းများ ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ် ပြန်လာသူများ ရှိပါက Quarantine Centre များတွင် စနစ်တကျ ထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖ များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက မြို့နယ် အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ယခုထက် ပိုမို ထိရောက်စွာ ကာကွယ်ဆောင်ရွက် သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို ပြန်လည် ဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇော် ( ဟင်္သာတ )