အင်းတော်မြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အင်းတော် ဇူလိုင် ၆

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု သစ်ပင်စိုက်ပျိုးပွဲကို  အင်းတော် မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာအနီး ရွှေဘို - မြစ်ကြီးနား ကားလမ်းဘေးတွင် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ နံနက်( ၇ ) နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင်များကို အင်းတော် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသို့ ပေးအပ်ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ ကျွန်း (၃၀၀) ပင်၊ ပျဉ်းကတိုး (၇၀၀) ပင်၊ ပိတောက် (၁၀) ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ ကံ့ကော် (၃၀) ပင်၊ ခရေ ( ၅၀ ) ပင် တမလန်း (၃၀) ပင်၊ ကုက္ကိုလ် ( ၃၀ ) ပင် စုစုပေါင်း သစ်ပင်ပျိုးပင်ပေါင်း (၁၂၅၀) ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ