မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည် များအား ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချ

 

 

မိုးညို ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြား လာသည့်အတွက် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့်  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းရောင်းချသူများ အား ယမန်နေ့မှစတင်၍ ယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

 မိုးညိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ရောင်းချနေသော  ကုန်စုံဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်၊ ဆန်ဆိုင်များမှလွဲ၍ သားငါးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်များအား ဗိုလ်နေဝင်းလမ်းရှိ ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ပြီး အဆိုပါဈေးအား နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ဖွင့်လှစ်ရောင်းချစေခဲ့ပြီး စျေးကြီးတွင်းရှိ ဆိုင်များအား မနက် ၅ နာရီမှ ညနေ ၅ နာရီ ထိ ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်

ရွှေ့ပြောင်းဖွင့်လှစ်ရောင်းချစေသည့် စျေးတန်းတွင် စျေးရောင်းချသူများအား ကိုဗစ်-၁၉ လမ်း ညွှန်ချက်များနှင့် အညီ mask များ စနစ်တကျ တပ်ဆင်ရောင်းချစေကြောင်း စျေးတာဝန်ခံ ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။