ပွင့်ဖြူ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံနှင့် အခြား မိုးသီးနှံစိုက်ပျိုးဧက ၉၀၉၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။
ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် နှစ်စဉ် စပါးသီးနှံစိုက်ပျိုးမှု အများဆုံးဖြစ် သည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံပြည်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ သီးနှံစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ သီးနှံများစိုက်ပျိုးရာတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲ ဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရာသီအလိုက် စိုက်ပျိုးရေအား စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။
ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၈၇၈၃ ဧက ၊ ဖူးစားပြောင်း ၉၀၀ ဧက ၊ နှံစားပြောင်း ၁၆၆ ဧက ၊ ပဲတီစိမ်း ၂၉၇၇ ဧက ၊ ပဲစင်းငုံ ၆၁၁ ဧက ၊ ပဲကြီး ၁၆၄၆ ဧက ၊ အခြားပဲသီးနှံ ၆၇၁ ဧက ၊ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၄၂၉ ဧက ၊ နှမ်း ၂၄၄၈ ဧက ၊ နေကြာ ၁၅၈ ဧက ၊ ဝါသီးနှံ ၁၄၅၈ ဧက ၊ ကြံသီးနှံ ၈ ဧက ၊ ထန်း ၂၂၂ ဧက ၊ ကွမ်း ၅၂ ဧက ၊ ငရုတ် ၅၆၄ ဧက ၊ အုန်း ၁၇၀ ဧက ၊ ငှက်ပျော ၁၀၂၀ ဧက ၊ သစ်သီးပင် ၁၃၄၃ ဧက ၊ ဟင်းသီးဟင်းရွက် ၁၃၁၀ ဧက ၊ ပရဆေးစိုက်ပျိုးဧက ၂၅၇ ဧက ၊ ကျွဲနွားတိရစ္ဆာန် အစာ ၄၃၈၁ ဧက ၊ ဥယျာဉ်ခြံစိုက်ပျိုးမှု ၈၂၃ ဧက ၊ အခြား စားပင်သီးနှံ ၅၉၀ ဧက ၊ စုစုပေါင်း မိုးသီးနှံစိုက်ပျိုးဧက ၉၀၉၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၁၉၃၄၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီ ခြင်း ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )