ငဖဲ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် မိသားစုတစ်ပိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချလျက်ရှိသောအုတ်လုပ်ငန်းသည် ယခုမိုးတွင်းကာလတွင်ဝယ်ယူသူနည်းပါး၍ အရောင်း အဝယ်အေးလျက်ရှိကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်သန်း ထံမှသိရသည်။
အုတ်ပြုလုပ်ရာတွင် ကိုင်းမြေမှ သဲနုန်းသက်သက်ပါသောမြေဝါနုအမျိုးအစားကိုအသုံးပြုပြီး သဲပါတဲ့မြေကိုသုံးလို့မရကြောင်း၊မြေအဝါကို အမှုန့်ဖြစ်အောင်ပေါက်ပြားဖြင့်ပေါက်ပြီး မနက်ပိုင်းတွင်ရေဖြင့် လောင်းပြီး ၉နာရီခန့်ကြာအောင် နှပ်ထားရကြောင်း၊ နှပ်ပြီးသားရွံ့များကို အုတ်ပြုလုပ်သည့် ပုံစံခွက်ထဲသို့ထဲ့၍ ၃ရက်ကြာအောင်နေလှန်းပေးရကြောင်း၊ နေလှန်းပြီးအုတ်များကို ဖွဲမီးဖြင့် ၅ ရက် ခန့်ကြာအောင် မီးဖုတ်ရကြောင်း၊အုတ်တစ်ချပ်လျှင် ငွေတစ်ရာကျပ် နှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင် ပေးရကြောင်းနှင့် အုတ်လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လာတာ ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါအုတ်လုပ်ငန်းကို နွေ၊မိုး၊ဆောင်း ရာသီမပြတ်လုပ်ကိုင်လာခဲ့ရာ နွေရာသီနှင့်ဆောင်း ရာသီတွင် လုပ်ငန်းတွင်ကျယ်စွာလုပ်ကိုင်ရောင်းချရသော်လည်း မိုးရာသီမှာ မှာယူသူနည်း၍ အလုပ် ပါးကြောင်း၊ လုပ်ငန်းခွင်အတွင်းအုတ်လုပ်သည့်အလုပ်သမား ၂၀ ဦးခန့်ရှိပြီး နေ့စားခ တစ်နေ့လျင် ငွေကျပ် ၆၀၀၀ နှုန်း ပေးရကြောင်း၊ယခုလောလောဆယ်တွင် အလုပ်သမားများစားဝတ်နေရေးအဆင်ပြေရေး အတွက်သာ လုပ်ကိုင်နေရကြောင်း၊ ယခင်နှစ်များက အုတ်ဝယ်ယူသူများက စရံငွေကိုကြိုတင်ပေးပြီး ဝယ်ယူသူ များပြားကြောင်း၊ယခုနှစ်မှာ ကိုဗစ်-၁၉ ကာလဖြစ်နေခြင်းနှင့် အလုပ်အကိုင်ဝင်ငွေရှားပါးလာမှု တို့ကြောင့် အုတ်လုပ်ငန်းအရောင်းအဝယ်နှေးနေကြောင်း၊ ပုံမှန်သာလုပ်ကိုင်ရောင်းချနေရကြောင်းနှင့် အဆိုပါပင်ဦး ကျေးရွာမှပြုလုပ်ရောင်းချသော အုတ်ကိုသာ အိုးအိမ်၊တိုက်တာ အဆောက်အဦ ဆောက်လုပ်သူ များက အများဆုံး မှာယူအသုံးပြုကြကြောင်း သိရသည်။
မယု(ငဖဲ)