သထုံမြို့ရှိ လူမှုကူညီရေးပရဟိတအဖွဲ့များထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်း

သထုံ    ဇူလိုင်     ၆

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် အနှိုင်းမဲ့ မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းမှ သထုံမြို့နယ်အတွင်းဖွဲ့စည်းထားသည့် လူမှုကူညီရေး ပရဟိတကွန်ရက် (Thaton Rescue Network Team)အဖွဲ့ဝင် အသင်းများထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လုမှုကူညီရေး အသင်းများအနေဖြင့် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဥ်များတွင် စေတနာ ထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် လုပ်ကိုင်လျှက်ရှိရာ လိုအပ်နေသော ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးရခြင်းဖြစ်ကြောင်း အနှိုင်းမဲ့မေတ္တာ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါနေ့တွင် အနှိုင်းမဲ့မေတ္တာအသင်းမှ တာဝန်ရှိသူတို့က သထုံမြို့နယ်လူမှုကူညီရေး ပရဟိတ ကွန်ရက် (Thaton Rescue Network Team)အဖွဲ့ဝင် အသင်း ၁၅ သင်းထံ PPE ဝတ်စုံ (၂၂၀) ထည်၊ Apron level 2 (၁၁၀) ထည်၊ Apron တစ်ခါသုံး (၁၄၀၀)ထည်၊ ခေါင်းစွပ် (၁၄၀၀) ခု၊ ရာဘာလက်အိတ် (၁၄၀၀) စုံ၊ Surgical Mask (၃၅၀၀) ခု၊ N95 Mask (၂၂၀) ခုတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုကိုဦး