နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ပေးခြင်း ကွင်းဆင်း ဆောင်ရွက်

နတ်မောက်   ဇူလိုင်  ၆

 

မကွေးတိုင်းဒေသကြီး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နတ်မောက်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နတ်မောက်မြို့နယ် ပိတော်ငုတ်ကျေးရွာသို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင် ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား  ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နတ်မောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်ပေး ရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီး မှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

 

အဆိုပါ ကျေးရွာရှိ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၁၁) ဦး၊ မ (၁၂)ဦး၊ အသက် (၁၈) နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် ကျား (၃)‌ဦး၊ မ (၁) ဦး၊ လဲလှယ် မ (၁) ဦး၊ မိတ္တူ ကျား(၂)ဦး စုစုပေါင်း (၃၀)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ ပြုလုပ် ဆောင်ရွက် ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းအသစ်ပြုလုပ်သူ မိသားစု(၃)စုတို့အတွက်လည်း စာရင်းများ ရယူပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နတ်မောက်မြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်း ထံမှသိရသည်။   

 

သင်းသင်းမြတ်