ဇီးကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၉) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယမန်နေ့က အမှတ်(၄)ရပ်ကွက် ကုန်သည်လမ်းနေ အမျိုးသမီးတစ်ဦး အနံမရကြောင်း သတင်းပေးပို့သဖြင့် Antigen Test Kids ဖြင့် စစ်ဆေးရာ Positive အဖြေထွက်ရှိကြောင်း သိရသည်။ အလားတူ သပြေစိန်ကျေးရွာအုပ်စု သပြေစိန်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်းဒေသ ကြီးတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသဖြင့် Home Quarantine ထားရှိပြီး ယမန်နေ့နေ့လည်က ကျန်းမာရေးဌာနမှ RDT Test ဖြင့်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိခဲ့သည်။ ထို့အပြင် အမှတ်(၂) ရပ်ကွက် တောင်တွင်းစုလမ်းနေ အမျိုးသမီးတစ်ဦးသည် နေမကောင်းဖြစ်၍ အနံ့မရရှိကြောင်း သတင်းပို့လာသဖြင့် RDT Test ဖြင့်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ Positive အဖြေထွက်ရှိသူ(၃)ဦးအား မြို့နယ်ကြက်ခြေနီ အသင်းနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းတို့မှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် အဆိုပါပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့်သူများကို မြို့နယ် အားကစားခန်းမ Quarantine Centre တွင် FQ ထားရှိပြီး PCR Test ဖြင့် ထပ်မံပေးပို့စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ(၉)ဦး ရှိခဲ့ပြီး နှစ်ဦးမှာ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ