ပွင့်ဖြူ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ဇူလိုင် ၆ ရက် ၊ ယနေ့ နံနက်ပိုင်းက ကျေးရွာလူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ကျေးရွာအရောက်ကွင်းဆင်းပြီး ကျေးလက်နေပြည်သူများထံ အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်းကို ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ ၊ သိမ်ကုန်းကျေးရွာ ၊ ကံလှကျေးရွာ ၊ ဇီးကျွန်းကျေးရွာ ၊ ကျောင်းစုကျေးရွာများသို့ သွားရောက်၍ ဖြန့်ဝေပေးခြင်းဖြစ်ပြီး ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲခြင်းများ မပြုလုပ်ကြရန် ၊ သစ်တောသစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး မိုးရာသီစိုက်ပျိုးရန်အတွက် ကျေးရွာတစ်ရွာလျှင် ယူကလစ် ၊ မဲဇလီ ၊ ကုက္ကို ၊ သစ်စိမ့် စသည့်အရိပ်ရပျိုးပင် ၁၀၀၀ နှုန်းစီ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခု ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ယူကလစ် ၊ ကျွန်း ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ သစ်စိမ့် ၊ ခရေ ၊ တမာ စသည့်အရိပ်ရပျိုးပင် စုစုပေါင်း ၄၀၀၀၀ အား အခမဲ့ဖြန့်ဝေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီမှူး ဦးအောင်မော် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)