လက်ပံတန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ အသစ်(၁၀၆)ဦးရှိပြီး ဇွန်လ ၇ ရက်နေ့မှစ၍ ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၉၂၇) ဦးရှိပြီး ပိုးတွေ့ နှုန်းမြင့်တက်လျက်ရှိကြောင်း သိရ သည်။ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အဖြစ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အထောက်အကူပြု ကော်မတီနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန် မြှင့်၍ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွန်လ ၇ ရက်နေ့မှစ၍ ယမန်နေ့အထိ သေဆုံးသူ(၁၃)ဦး၊ ဆေးရုံမှ ဆင်းခွင့် ရရှိသူ(၃၁၈)ဦးရှိ၍ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း GTI ကိုဗစ်-၁၉ ကုသရေးစင်တာတွင်(၁၉၈)ဦး၊ ပြည်သူ့ဆေးရုံ Isolation Ward တွင်(၄၇)ဦး၊ အ.ထ.က ခမုံဆိပ်တွင်(၆၂) ဦး၊ အ.လ.က ကျွန်းကလေးတွင် (၈၅)ဦး၊ အ.ထ.က သာရဝေါတွင် (၄၅)ဦး၊ အ.ထ.က ဇီးဖြူကုန်းတွင် (၁၀)ဦး၊ အ.ထ.က ဖိုးခေါင်စု တွင် (၄၅)ဦး၊ အ.ထ.က မကျီးကွင်းတွင် (၅၄)ဦး၊ မြို့မရဲစခန်း အချုပ်တွင် (၃၇)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်ထားရှိ၍ သာယာဝတီပြည်သူ့ ဆေးရုံ သို့ ပြောင်းရွှေ့သွားသူ(၉)ဦး၊ တပ်မတော်ကုတင်(၁၀၀) စစ်ဆေးရုံသို့ ပြောင်းရွှေ့ သွားသူ(၄) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဝင့်နန္ဒာဌေး