မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော် ထုတ်ချေးပြီးစီး

 

မင်းဘူး   ဇူလိုင်   ၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင်၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၄ အုပ်စု၊ တောင်သူပေါင်း ၂၀၄ ဦးနှင့် စပါး ၅၁၁ ဧက၊  နှမ်းသီးနှံစိုက်ဧက ၉၀၅ ဧကအတွက် စုစုပေါင်းကျပ် ၁၆၇၁၅၀၀၀၀ သိန်းကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၀ မိုးချေးငွေ ကျေစွာ ပေးဆပ်ပြီးသူ တောင်သူများကိုသာ  ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများ၏ ချေးငွေများ  ပေးဆပ်မှုကို လက်ခံ၍ အသစ်တဖန် ပြန်လည် ထုတ်ချေးပေးလျက်ရှိပြီး ဘဏ်ချေးငွေများ ထုတ်ပေးသည့်အချိန်တွင် တစ်ဦးနှင့် တစ်ဦး ၃ ပေအကွွာတွင် နေထိုင်ခြင်း၊ လက်ဆေးခြင်း၊ MASK တပ်ဆင်ခြင်း၊ တစ်ဦးပြီးမှ တစ်ဦးအလှည့်ကျ စနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန် လျာထားချက်ရှိသည်မှာ မိုးသီးနှံစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၊ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၊ နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများ ကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာ ဒေါ်ဇင်ဝင်းမာက ပြောကြားခဲ့သည်။

 

 ဇေယျာထက်(မင်းဘူး)