ဇီးကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည်များအား ယနေ့ နံနက်ပိုင်းမှစတင်၍ ယာယီဈေး သို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့မဈေးကြီးအတွင်း ရောင်းချနေသော မှတ်ပုံတင်အမည်ပေါက် ဈေးဆိုင်ခန်းများမှ လွဲ၍ ကျန် သားငါးနှင့် ဟင်းသီး ဟင်းရွက် ကုန်စိမ်းသည်များအား အမှတ်(၁)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ပြီး အဆိုပါဈေး အား နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးပြောင်းရွှေ့ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ “ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းသည် တိုင်းဒေသကြီး ပြည်နယ်များနှင့် ခရိုင်မြို့နယ်များတွင် လျင်မြန်စွာ ကူးစက်ပြန့်နှံ့လျက်ရှိပြီး ဇီးကုန်းမြို့နယ် တွင်လည်း ကူးစက်ခံရသူတွေ့ရှိ လာသဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ကြောင်း၊ မူလရောင်းချနေသော မိုဘိုင်းဈေးသည်များမှအပ အထိုင်ရောင်းချနေသော ဈေးသည်မျာအား မိုဘိုင်းရောင်းချခြင်း ခွင့်မပြုကြောင်းနှင့် နံနက်ခင်းအာရုံဈေး ရောင်းချမှုအား ယာယီ ရပ်ဆိုင်းထားကြောင်း” ကို ဇီးကုန်းမြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းထံမှ သိရသည်။
တင့်ဆွေ