ကဝမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက်  အထူးအစည်းအဝေးတစ်ရပ် ကျင်းပ

 

ကဝ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက် အထူးအစည်းအဝေးတစ်ရပ်ကို  ယမန်နေ့ နံနက် (၁၀:၀၀)နာရီ တွင်   ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေမှာ  မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး ကူးစက်ဝင်ရောက်ပျံ့နှံ့မှု ရှိနေကြောင်း  ဓာတ်ခွဲစမ်းသက် အတည်ပြုချက်များအရ သိရှိရသဖြင့်  ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ အား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန်  လိုအပ်လျက်ရှိပါကြောင်း ၊ ၂၀၂၁ ခုနှစ်၊ မတ်လမှ ဇူလိုင်လ(၅) ရက်နေ့အထိ  ပဲခူးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ (၃၃၈၉)ဦး အနက် (၄၀)ဦး သေဆုံး ခဲ့ပြီဖြစ်ကြောင်းနှင့် ကဝမြို့နယ်တွင်  ရောဂါပိုးတွေ့လူနာ (၁၃၇) ဦး ရှိပြီဖြစ်ကြောင်း ပြောကြားသည်။

သို့ဖြစ်၍  ကဝမြို့နယ် ပြည်သူလူထုအနေဖြင့်  မိမိတို့နေအိမ်၌သာ နေထိုင်ကြရန်၊   မဖြစ်မနေအပြင်ထွက် ရပါက Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် မကြာ ခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ ပြောဆိုဆက်ဆံလုပ်ကိုင်ကြရန်၊    စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များစသည့် စားသောက်ဖွယ်ရာများအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးကို မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  လူမှုရေးအဖွဲ့အစည်းများ၊ ရပ်​/ ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။