ဖြူး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ခဲ့သည့် အင်ပင်သာကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ခေတ္တမြို့နယ် ဦးစီးမှူးဦးဆန်းထွေးအောင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအား၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရရှိလာသော အတိုးငွေ(၁၉၁.၇)သိန်းမှ (၉၀)သိန်းအား ပထမအကြိမ်အနေဖြင့် ကျောက်ရောမြေခင်းလမ်း အရှည်(၁၈၈၆)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၉)လက်မကို ၂၀၂၁ခုနှစ် မေလ(၇) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပြီးစီးခဲ့တာဖြစ်ကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းပြီးစီးသွားသောကြောင့် နွေမိုးဆောင်းအသုံးပြုနိုင်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အတွက် များစွာအဆင်ပြေလာမှာ ဖြစ်ကြောင်း ကျေးရွာပြည်သူများထံမှ သိရသည်။
နေမျိုးလွင်