ပေါက်တော ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပွားနိုင်စေရန် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် အမြန်ရေယာဉ် ဂိတ်များနှင့် မြို့ဝင်ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ် ဆောင်ရွက်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းကို ပေါက်တောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးကျော်ဝင်း အစီအစဉ်ဖြင့်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ (N G O) အဖွဲ့အစည်းများ၊ ရပ်/ကျေး စာရေးများနှင့် အုပ်ချုပ်ရေးမှူးများက ပေါက်တောမြို့ရှိ စစ်တွေ-ပေါက်တော ပြေးဆွဲနေကြသည့် ခရီးသွားရွှေပြည်တန်အမြန်ရေယာဉ်ဂိတ်၊ ခရီးသွားပေါက်တောတံခွန်အမြန်ရေယာဉ်ဂိတ်များနှင့် ပေါက်တောမြို့ဝင်ဝ ကားဂိတ်တို့တွင် ဖွင့်လှစ်ပြီး၊ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask များကို စနစ်တကျ တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်သွားသည်အထိ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သန်း