ရေနံချောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ အသိပေးနှိုးဆော်

ရေနံချောင်း ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအကြား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ရေးအသိပေးနှိုးဆော်ရာတွင် ရေနံချောင်းမြို့ ညောင်လှရပ်ကွက်မှ သုံးဆယ့်ခြောက်ကျေးရွာအုပ်စုအထိ မြို့နယ်မီးသတ်ဦးစီးဌာန မော်တော်ယာဉ်ဖြင့် လမ်းမတော် လမ်းမကြီးတစ်လျှောက် လူစည်ကားသည့် နေရာများတွင် ရပ်တန့်ကာ ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန်၊ မကြာခဏလက်ဆေးရန်၊ လူစု လူဝေး ရှောင်ရှားရန်၊ ရောဂါလက္ခဏာ သံသယရှိပါက တာဝန်ရှိသူများထံ ချက်ချင်း အကြောင်းကြားရန်၊ Stay At Home နယ်မြေမှပြန်လာပါက သက်ဆိုင်ရာသို သတင်းပို့၍ သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိလိုက်နာစေရန် အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။