ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီးရုပ်ထု ရင်ပြင်တော်နှင့်ပန်းခြံ တည်ဆောက်လျက်ရှိ

ဝန်းသို ဇူလိုင် ၅

 

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်တို့ကို ၇ နှစ်တိုင်တိုင် ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန် တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၊ ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေး၊ မြေအကျယ် တစ်ဧကခွဲကွင်း၌ စော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် တည်ထားပြီးစီးခဲ့ပြီးဖြစ်ရာ ရပ်ဝေး ရပ်နီးမှ ပြည်သူများ အပန်းဖြေ လေ့လာဂုဏ်ပြုနိုင်ကြစေရေး အတွက် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“ဝန်းသိုစော်ဘွားကြီးရုပ်ထုပန်းခြံမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးတဲ့ဘိလပ်မြေနဲ့ အလှူရှင် ပူးပေါင်းပြီးတော့ အရှည်ပေ ၁၀၀၀ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးသွားပါပြီ၊ အရိပ်ရသစ်ပင်၊ အလှပန်းပင် တွေလဲ စိုက်ပျိုးပြီးပါပြီ၊ ဦးပဉ္စင်းတို့ ဝန်းသိုမြို့သမိုင်းက ကျားဖြူမင်းကြီးက စလာတဲ့အတွက် ၁၃ ပေခွဲရှိ ကိုးတောင်ကျားဖြူရုပ်ထုကိုလည်း ပြုလုပ်ပြီးသွားပါပြီ၊ ဒိုးပတ်၊ မောင်း၊ အိုးစည်လေးတွေ၊ ကလေးငယ်လေးတွေ ပျော်ရွှင်အောင်လို့ အခြားသော ဒေါင်းရုပ်၊ သမင်ရုပ်၊ ဗျိုင်းရုပ်၊ ယုန်ရုပ်လေးတွေနဲ့ သုံးဆင့်ရေတံခွန်၊ ကံ့ကော်အဝိုင်းပတ် ရေပန်းတွေလဲလုပ်ပြီးသွားပါပြီ၊ နောက်ထပ် အရှည်ပေ ၇၀၀ခန့်ရှိတဲ့ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း၊  အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း၊ ဝန်းသိုစော်ဘွားကြီးရဲ့ ဂူဗိမာန်၊ ဟော်နန်းတော်တွေနဲ့ ဘုရားစေတီကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု အကျိုး တော်ဆောင် မုံရွာ လမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြားသည်။

 

ဆက်လက်၍ ဆရာတော်က “မုံရွာမှာ ဗောဓိတစ်ထောင်ဘုရား၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရားတွေကို အကြောင်း ပြုပြီးတော့ ဒေသခံတွေက လက်ဆောင်ပစ္စည်းတွေ ရောင်းရတယ်၊ အသုပ်၊ ထမင်းတွေရောင်းရ တယ်စတဲ့ အရောင်းအဝယ်စီးပွားရေး အခွင့်အလမ်းတွေရလာတယ်၊ လူစည်ကားလာတယ်၊ အဲ့သည်လိုဘဲ ဦးပဉ္စင်းတို့ ဝန်းသိုမြို့မှာလည်း စည်ကားလာစေချင်တယ်၊ သမိုင်းကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်ချင်တယ်၊ နယ်ချဲ့ အင်္ဂလိပ်တို့ကို ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ ရှေးဦးတော်လှန်ရေးခေါင်းဆောင်ကြီး ဝန်းသိုစော် ဘွားကြီးမွေးဖွားနေထိုင်ခဲ့တဲ့ မြို့လေးလည်းဖြစ်တဲ့အတွက် သူရဲကောင်းကြီးကိုလည်း ဂုဏ်ပြုရင်း မျိုးဆက် သစ်လူငယ်တွေအားလုံး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေဖို့၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်မြင့်မားစေ ဖို့ရည်ရွယ်ပြီးတော့ ဒီစော်ဘွားရုပ်ထုပန်းခြံကြီးကို တည်ဆောက်နေခြင်းဖြစ်ပါတယ်” ဟု မိန့်ကြားခဲ့သည်။

 

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကြေးရုပ်ထုအား ဝန်းသိုမြို့ မဟာမှန် ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ် တည်ထားခဲ့ပြီး ယခုအမြင့် ၁၈ ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုအသစ်နှင့် ရင်ပြင်တော်၊ ပန်းခြံ၊ ဗိမာန်တို့ကို အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယက ဦးဆောင်၍ ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များပူးပေါင်းကာ  တည်ဆောက် မွမ်းမံ လျက်ရှိ ကြောင်း သိရသည်။

 

ကျော်မြိုင်