ရေး ဇူလိုင် ၅
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပရဟိတ အသင်းများမှ ပြန်လည်တင်ပြ ဆွေးနွေးကြရာ မြို့နယ်ပညာရေးမှူးက ပညာရေးဝန်ထမ်းများမှ နယ်မြေ ကျော်လွန်သွားရောက်သည့် ကိစ္စများကို ထိန်းချုပ်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်၊ မြို့နယ်စည်ပင် သာယာရေးအမှုဆောင်အရာရှိက ဈေးများအတွင်း စား သောက်ကုန်၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဆေးဝါးအရောင်းဆိုင်များမှအပ ကျန်ကုန်ပစ္စည်း အရောင်းဆိုင်များ ခေတ္တပိတ်ထားရန်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်နှင့်သာ ရောင်းချ ရန်များကို ညွန်ကြားစာများ ထွက်ပြီးဖြစ်၍ စနစ်တကျကြပ်မတ်စစ်ဆေးရန် ဌာနဆိုင်ရာ အဖွဲ့ဝင်များမှ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် ထားရှိဆောင်ရွက်ကြရန်နှင့် ရပ်ကွက်အတွင်း သို့ အခြားဒေသမှ လူများရောက်ရှိပါက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ သတင်းပို့ပြီး စနစ်တကျ ဆောင်ရွက်ကြရန် ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချခြင်းများကိုလည်း စည်းကမ်းကြပ်မတ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ ကြောင်း သိရသည်။