ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က-ခွဲ) ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ပွင့်ဖြူ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က - ခွဲ) ကျောင်းသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်လဝကမှူး ဦးနန်းဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် ကျေးရွာ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ မပျောက်ပျက်အောင် ထိန်းသိမ်းကိုင်တွယ်ရန်အချက်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ယူဆောင်လာရမည့် အထောက်အထားများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က - ခွဲ) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၆)ဦးအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား နေ့ချင်းပြီး ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)