ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ(၄)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဆားအိုးချောင်းကျေးရွာနှင့် အထက်သံဒင်း ကျေးရွာတို့တွင် ကိုဗစ်-၁၉ Positive လူနာ(၄)ဦး ယမန်နေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဒေးဒရဲမြို့နယ် မငေးကလေးအရှေ့‌ကျေးရွာတွင် နေထိုင်ပြီး အုန်းပင်ကျေးရွာအုပ်စု ဆားအိုးချောင်း ကျေးရွာ အ.ထ.က(ခွဲ)တွင် တာဝန်ထမ်းဆောင်နေသည့် အသက်(၃၄)နှစ်အရွယ် အလယ်တန်းပြ ဆရာမ(၁)ဦး၊ ၎င်း၏ သမီးဖြစ်သူ အသက်(၄)နှစ်နှင့် သားဖြစ်သူ အသက်(၉)နှစ်တို့သည် နေမကောင်း၍ အနံ့ပျောက်လာသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ RDT test kits ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ပါသည်။ ၎င်းတို့နှင့်အတူပါလာသည့် အမျိုးသားအား စစ်ဆေးခဲ့ရာ Negative ဖြစ်၍ သာသနာ့ဗိမာန်တွင် Facility Quarantine ထားရှိပြီးဖြစ်ပါသည်။

ဆက်လက်ပြီး လွန်ခဲ့သောရက်က ပုသိမ်မြို့သို့ သွားရောက်ခဲ့ပြီး အထက်သံဒင်း ကျေးရွာတွင် လာရောက် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ်ရှိ သားဖွားဆရာမ(၁)ဦး (မအူပင်မြို့၊ ပြည်သူ့ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ)သည် အနံ့ပျောက် လာသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ RDT test kits ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ပြီး ၎င်း၏သမီးဖြစ်သူအား ထပ်မံ စစ်ဆေးခဲ့ရာ Negative ဖြစ်၍ သာသနာ့ဗိမာန်တွင် Facility Quarantine ထားရှိပြီး ဖြစ်ပါသည်။

အဆိုပါ ကိုဗစ်-၁၉ လူနာ(၄)ဦးအား ဒေးဒရဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပြီး ပိုးတွေ့လူနာများနှင့်ထိစပ်ခဲ့သူများအား  Facility Quarantine ထားရှိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ရွှေဒေးသူ