ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ် မိုးရာသီတွင် အထူးစိမ်း သစ်မျိုးစုံ ၂၂၀၀ စိုက်ပျိုး ဆောင်ရွက်ထားရှိ

ပွင့်ဖြူ ဇူလိုင်  ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေး အတွက် ယခု ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ အထူးစိမ်း သစ်မျိုးစုံအပင်ရေ ၂၂၀၀ စိုက်ပျိုးဆောင်ရွက်ထားကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မော် ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ၊ အပူဒဏ် ကာကွယ်နိုင်ရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဉတု ပြောင်းလဲမှုဂေဟစနစ် အား မျှတကောင်းမွန်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်း၊ အထူးစိမ်းတစ်အုပ်တစ်မ သစ်မျိုးစုံစိုက်ခင်းများ စိုက်ပျိုးခြင်း ၊ ကြိုးဝိုင်းသစ်တောစိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်း၊ လူထုဖြန့်အစီအစဉ်ဖြင့် အရိပ်ရသစ်မျိုးစုံ ဖြန့်ဝေ၍ စိုက်ပျိုးခြင်း ၊ မြစ်/ချောင်းကမ်းပြိုကာကွယ်ရေး စီမံချက်ဖြင့် ဗာတီဗာမြက်များ စိုက်ပျိုးခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ရေဝေရေလဲနေရာ များတွင် သစ်တောသစ်ပင်များ ပြန်လည်စိမ်းလန်း စိုပြည်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

 “ ဒီနှစ်မိုးရာသီမှာ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သစ်မျိုးစုံအရိပ်ရပင်များကို ပြုစုပျိုးထောင်ပြီး ဒေသခံပြည်သူအစု အဖွဲ့ပိုင်စိုက်ခင်း ၊ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်း၊ ကြိုးဝိုင်းသစ်တောစိုက်ခင်း၊ မြစ်/ချောင်းကမ်းပြိုကာကွယ်ရေး ဗာတီဗာမြက် စိုက်ပျိုးခြင်းနှင့် ရေဝေရေလဲစိုက်ခင်း စိုက်ပျိုးခြင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် လျက်ရှိပါတယ်။ ဒီနှစ်မှာ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်းအနေနဲ့ ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာမှာ ကျွန်း ၊ မဲဇလီ ၊ သရက် ပျိုးပင်ရေ ၁၂၀၀ ပင်၊ ဇီးတောကျေးရွာမှာ ၁၀၀၀ ပင် ၊ စုစုပေါင်း အရိပ်ရပင် ၂၂၀၀ စိုက်ပျိုးထားပါတယ်။ နောက်ပြီး ရွှေစက်တော်ကြိုးဝိုင်းမှာလဲ ရေဝေရေလဲစိုက်ခင်း ဧက ၃၀ မှာ ယူကလစ်နဲ့ ရှားပင် ၆၀၀၀ စိုက်ပျိုးပြီးဖြစ်ပါ တယ်။ မြစ်/ချောင်းကမ်းပြိုကာကွယ်ရေးစီမံချက်အနေနဲ့ မြို့နယ်အတွင်း မုန်းချောင်းနဲ့ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာတွေကို ကွင်းဆင်းပြီး စိုက်ပျိုးနေပါတယ်။ ဒါ့အပြင် ကျေးရွာပြည်သူလူထု စိုက်ပျိုးနိုင်ရေးအတွက် လူထုဖြန့်ဝေမှု အစီအစဉ်ဖြင့် သစ်မျိုးစုံ အရိပ်ရပင်များကို ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့နဲ့ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် က ပြောကြားသည်။  

 

ယခု ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဉတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းအနေဖြင့် ကျွန်း ၊ ယူကလစ် ၊ လျှော်ဖြူ အရိပ်ရပင် ၁၀၅၀၀၀ ပင် ၊ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်းအနေဖြင့် ကျွန်း ၊ မဲဇလီ ၊ သရက် အရိပ်ရပင် ၂၂၀၀ ပင် ၊ လူထုဖြန့်ဝေမှုအစီအစဉ်ဖြင့် ကျွန်း ၊ ယူကလစ် ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ သစ်စိမ့် ၊ ခရေ ၊ တမာ အရိပ်ရ ပင် ၄၀၀၀၀ ပင် ၊ မြစ်/ချောင်းကမ်းပြိုကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်ပျိုးပင် ၆၀၀၀ ပင် ၊ ရွှေစက်တော် ကြိုးဝိုင်းအတွင်း ရေဝေ ရေလဲစိုက်ခင်းအနေဖြင့် ဧက ၃၀ တွင် ယူကလစ်အပင် ၄၀၀၀ ‌၊ ရှားပင် ၂၀၀၀ တို့ကို စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)